|
သားသမီးတို့အပေါ်
အစဉ်လွှမ်းခြုံလျက်ရှိသည့် မိဘ၏မေတ္တာ စေတနာများ
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ မည်သူမျှလွန်ဆန်၍ မရနိုင်သည့်
ရှောင်လွဲရန် မတတ်နိုင်သည့် သဘာဝဖြစ်စဉ်သာ ဖြစ်ပါသည်။
ကမ္ဘာဦးအစကပင် ဤကမ္ဘာပေါ်၌တည်ရှိခဲ့ပြီး ဒေသတိုင်း၊ နိုင်ငံတိုင်း
တစ်ချိန်မဟုတ်တစ်ချိန် သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရ
သည်သာဖြစ်ပါသည်။ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခြင်း၊
ရေကြီးခြင်း၊ မီးတောင်ပေါက်ကွဲခြင်းတို့မှစ၍ ဆူနာမီအထိဒေသတိုင်း၊
ပြည်သူတိုင်း မလွဲမသွေ တွေ့ကြုံခံစားကြရစမြဲသာ ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ် ကျရောက်လေတိုင်းလည်း ၄င်း၏အဖျက်စွမ်းအား
ပြင်းထန်ကြီးမားမှု အပေါ် မူတည်၍ ဒေသခံပြည်သူများ၏
အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ၊
ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးများကို မလွဲမသွေတွေ့ကြုံခံစားကြရ
စမြဲသာဖြစ် သည် မဟုတ်ပါလား။
ကျွန်တော်တို့နိုင်ငံ၌လည်း မကြာသေးမီက နာဂစ်ဆိုင်ကလုန်း
မုန်တိုင်းကြီး၏ဒဏ်ကိုနဖူးတွေ့ ဒူးတွေ့ ခံစားခဲ့ကြရပါပြီ။
ကျွန်တော်တို့ ပြည်သူများမှာ တစ်သက်နှင့်တစ်ကိုယ်
မုန်တိုင်းနှင့်ပတ်သက်၍ အတွေ့အကြုံ ကြီးကြီးမားမား
မရှိခဲ့သည့်အတွက် ဤမျှအထိ ပျက်စီးဆုံးရှုံးမှု ကြီးမားလိမ့်မည်ဟု
မမျှော်လင့်ခဲ့ပါ။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့နိုင်ငံ၏သမိုင်း၌
မကြုံစဖူးထူးကဲပြင်းထန်လှပြီး အဖျက်စွမ်းအားကြီးမားလှသည့်
နာဂစ်မုန်တိုင်းကြီးသည် လတ်တလော အခြေအနေတွင် ယနေ့မီဒီယာများ၏
အဓိကဇာတ်လိုက်ကျော်ကြီး ဖြစ်နေခဲ့ပါပြီ။ ပြည်တွင်းပြည်ပ
မီဒီယာအားလုံး နာဂစ်မုတ်တိုင်းအကြောင်း ပြောမဆုံး၊ ရေးမဆုံး၊
ပြမဆုံးဖြစ်နေသည့် အခြေအနေမျိုး၌ မီဒီယာများ၏ တင်ဆက်မှုကြောင့်
ကျွန်တော်တို့တစ်တွေသည် လည်း နာဂစ်နှင့်ပတ်သက်သည့် ရသမျိုးစုံကို
တွေ့ထိခံစားရနေကြပြီဟု ဆိုချင်ပါသည်။
နာဂစ်မုန်တိုင်းကြီးတိုက်ပြီး ရန်ကုန်တိုင်းနှင့်
မြစ်ဝကျွန်းပေါ်ဒေသအချို့၌ အပျက်အစီး
အဆုံးအရှုံးကြီးမားခဲ့ပုံများကို မြင်ရသိရကြားရသည့်အခါ
လွန်စွာထိတ်လန့်အံ့သြမိသကဲ့သို့ များစွာ
ဝမ်းနည်းကြေကွဲခဲ့ကြရပါသည်။ လေဘေးဒုက္ခသည်များအတွက်လည်း အတော်ပင်
စာနာပူပန် စိုးရိမ် ကြောင့်ကြခဲ့မိကြပါသည်။ တစ်ဖန်
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး၏ ကယ်ဆယ်ရေး လုပ်ငန်း
များကို အမျိုးသားရေးအဆင့် သတ်မှတ်ပြီး ချက်ချင်းဆောင်ရွက်ကြရန်
လမ်းညွှန်ချက်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးတို့၏
အနီးကပ်ကြီးကြပ်မှုတို့ဖြင့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့်
အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ
စတင်ဆောင်ရွက်နေကြသည်ကို မြင်ရသိရပြန် သည့်အခါ
လေဘေးဒုက္ခသည်များအတွက် ဘ၀င်ကျ စိတ်အေးရသည့်အပြင် နိုင်ငံတော်နှင့်
စေတနာရှင် ပြည်သူများ၏ အားမာန်အပြသည့်ဖြင့် တက်တက်ကြွကြွ
သယ်ပိုးထမ်းရွက်နေကြပုံများ၊ စေတနာအပြည့်ထပြီး ကယ်ဆယ်စောင့်ရှောက်
ကူညီနေကြပုံများကလည်း ၀မ်းသာအားတက် ယုံကြည်မှုများကို
မွေးဖွားပေးနိုင်ခဲ့ပြန်ပါသည်။ ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်
အပါအ၀င် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊
တပ်မတော်အရာရှိကြီးများ၊ ၀န်ကြီးများ၊ တိုင်းမှူးများ၊
တပ်မမှူးများ၊ ဒုတိယ၀န်ကြီးများအားလုံး ဒုက္ခသည်များနှင့်အတူ
မိုးထဲရေထဲ၌ ရုန်းကန်လက်တွဲ လှုပ်ရှားနေကြသည်များ မြင်ရတွေ့
ရပြန်သည့်အခါတွင်လည်း အစိုးရနှင့်ပြည်သူဆိုသည် မိဘနှင့်
သားသမီးသဖွယ်ပါပဲဟုတွေးရင်း ဘယ်ပန်းချီရေးမမီနိုင်သည့် မိဘမေတ္တာကို
ခံစားမိပြီး မျက်ရည်များပင် လည်ခဲ့မိပါ၏။
အမှန်တကယ်လည်း အစိုးရနှင့်ပြည်သူဆိုသည်မှာ မိဘနှင့်
သားသမီးသာဖြစ်ပါ၏။ ကိုယ့်သားသမီး ဒုက္ခရောက်နေချိန် ၌
ဘယ်လိုမိဘမျိုးကမှ မျက်နှာလွှဲနေနိုင်မည် မဟုတ်ပါ။
သားသမီးများဒုက္ခရောက်ခြင်းသည် ကိုယ်တိုင်ဒုက္ခ ခံစားရခြင်းထက်
မိဘတို့ရင်ကို ပိုပြီး ပူလောင်စေပါသည်။ ထို့ကြောင့်လည်း
“မင်းတို့အစား ငါတို့ပဲ ဒုက္ခခံလိုက်ချင်တယ်”ဟု မိဘများက
ပြောလေ့ရှိကြခြင်း ဖြစ်ပေမည်။ တကယ်လည်း မိဘတိုင်းသည် အရေးအ
ကြောင်းဆိုလျှင် သားသမီးများ၏ရှေ့ကရင်ကော့ပြီး မားမားမတ်မတ်
ရပ်ကြမြဲသာဖြစ်ပါ၏။ ယခုကဲ့သို့ သားသမီးဖြစ်သည့်
ပြည်သူများဒုက္ခရောက် နေချိန်တွင် မိဘအရာထားရသည့် ၀န်ကြီးချုပ်နှင့်
လူကြီးများကိုယ်တိုင်ကွင်းဆင်းပြီး ဒုက္ခကိုထပ်တူမျှဝေ ခံစားပေးရင်း
နွေးနွေးထွေးထွေးဖြင့် အားပေးကူညီစောင့်ရှောက်နေသည့်
ပုံရိပ်များသည် ကျွန်တော်တို့အတွက် ကရုဏာရသနှင့် ဟဒယပီတိကို
ပြိုင်တူပေးစွမ်းနိုင်ခဲ့ပါ၏။
နိုင်ငံတော်ပိုင်းအနေဖြင့် ဒုက္ခသည်များအတွက် ဆန်၊ ရိက္ခာ၊ ယာယီ
အမိုးအကာ၊ ဆေးဝါး စသည့် လတ်တလော လိုအပ်ချက်များကို ဗဟိုအဆင့်မှ
စီမံတွက်ချက် ဖြည့်ဆည်းထောက်ပံ့ပေးခဲ့သကဲ့သို့ ပြည်တွင်းပြည်ပ
အလှူရှင်များ၏ လှူဒါန်းကူညီမှုများနှင့်လည်း ပံ့ပိုးပေးလျက်ရှိသည်။
လိုအပ်သည့်နေရာများသို့ လိုအပ်သည့် ပစ္စည်းများ အချိန်မီ ရရှိအောင်
ပုံမှန်ထောက်ပံ့ရေးလမ်းကြောင်းများလည်း စီစဉ်ပေးနိုင်ခဲ့ပါသည်။
ထိုကဲ့သို့ အခြေခံအဆင့် ကယ်ဆယ် စောင့်ရှောက်မှုလုပ်ငန်းများ
အတော်အသင့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးသည့်နောက်တွင်
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မေလ ၁၈
ရက်နေ့မှ ၂၁ ရက်နေ့အထိ လေဘေးသင့်ဒေသများသို့ ကွင်းဆင်းသွား
ရောက်စစ်ဆေးပြီး လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးခဲ့ပါသည်။
ဝန်ကြီးချုပ်ကိုယ်တိုင် အနီးကပ် ကြီးကြပ်
ဆောင်ရွက်နေခြင်းဖြစ်သည့်တိုင် နိုင်ငံတော်အကြီးအကဲအနေနှင့်လည်း
လေဘေးသင့်ပြည်သူများကို ကိုယ်တိုင် တွေ့ဆုံအားပေးပံ့ပိုး
ဆောင်ရွက်ပေးလိုသည့် မိဘသဖွယ် စိတ်ဓာတ်အရင်းခံမျိုးနှင့်
များပြားလှသည့် နိုင်ငံတာဝန်များ ကြားက မရအရအချိန်ယူပြီး
မရောက်ရောက်အောင် သွားခဲ့ခြင်းပင်ဖြစ်ပါသည်။
ဗိုလ်ချုပ်မှူးကြီးသည် လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊
ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ၊
ပုသိမ်၊ လပွတ္တာ၊ မြောင်းမြ၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး စသည့် အဓိက
လေဘေးဒဏ်ခံရသည့်ဒေသများသို့ အရောက်သွားပြီး ဒုက္ခသည် ပြည်သူများကို
ရင်းနှီးနွေးထွေးစွာ တွေ့ဆုံအားပေးခဲ့ပါသည်။ ထို့အပြင်
အတွေ့အကြုံရင့် ကျက်ပြီး အမြော်အမြင်ကြီးမားသူပီပီ
အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏
လုပ်ငန်းဆောင်ရွက်မှုများအပေါ်သုံးသပ်ပြီး
ပိုမိုထိရောက်ကောင်းမွန်သည့် အမှန်တကယ်လိုအပ်သည့် လမ်းညွှန်ပံ့ပိုး
ဆောင်ရွက်မှု များကိုလည်း ဆုံးဖြတ်ချမှတ်ပေးနိုင်ခဲ့ပါသည်။
ဒေသခံဒုက္ခသည်များအတွက် အမြဲတမ်းစွဲထင် အမှတ်ရနေစေမည့်
တွေ့ဆုံအားပေး ပံ့ပိုးမှုများဖြစ်သကဲ့သို့ ဒေသအတွက်လည်း ရာသက်ပန်
အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များ အထင်အရှား
ကျန်ရစ်စေခဲ့မည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏
အဆိုပါ ခရီးစဉ်သည် အမှန်ပင်ထူးခြားပြီး အကျိုးကျေးဇူးကြီးမားလှသည့်
ခရီးစဉ်ဖြစ်ပါ၏။
နိုင်ငံတော်အကြီးအကဲအနေဖြင့် မုန်တိုင်းကျရောက်ပြီးသည်နှင့်
တစ်ပြိုင်နက် လေဘေးသင့်ဒေသများသို့ သွားရောက် ရန် ရည်စူးခဲ့ပါသည်။
သို့သော် ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး လုပ်နေသည့်
ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်နှင့် အင်တိုက်အားတိုက်
ဆောင်ရွက်နိုင်ပါ စေတော့ဆိုသည့် ဆင်ခြင်သုံးသပ်မှုမျိုးနှင့်
ယခုကဲ့သို့လုပ်ငန်းများ အတော်အသင့် ဆောင်ရွက်ပြီးစီးသည့်
အခြေအနေရောက်မှ လာရောက်ခဲ့ခြင်း ဖြစ်ပါသည်။ မိမိ၏ ပုဂ္ဂလိကဆန္ဒထက်
ဒုက္ခသည်များ၏အရေးကို ဦးစားပေးပြီး
ကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်
နိုင်သည်အထိ ခေတ္တစောင့်ဆိုင်းပေးခဲ့သည့် နိုင်ငံတော်အကြီးအကဲ၏
ဆင်ခြင်တွေးခေါ်မှုနှင့် ရင်တွင်းမှ စေတနာအမှန် ကို
သိလိုက်ရပြန်သည့်အခါ နိုင်ငံတော်အကြီးအကဲအပေါ်
အမျိုးမျိုးဝေဖန်ပုတ်ခတ်နေကြသည့် ပြည်တွင်းပုဆိန်ရိုး အချို့နှင့်
ပြည်ပမီဒီယာများကို စိတ်ပျက်လက်ပျက်နှင့် “ကဲဘာ ပြောချင်သေးလဲ”
ဟူ၍သာ မေးလိုက်ချင်ပါတော့သည်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်
ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ လေဘေးသင့်ဒေသ များ၏
ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို
ကြည့်ရှုစစ်ဆေးအားပေးရန် အဖွဲ့ဝင်များနှင့်အတူ မေလ ၁၈ ရက် မွန်းလွဲ
၁ နာရီ ၁၀ မိနစ်တွင် တပ်မတော် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ
ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီးအား
ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် အမျိုးသားသဘာဝဘေး
ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
လေဘေးသင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှု
အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဗိုလ်ချုပ်မှူးကြီးက
ပြန်လည်ဆွေးနွေးသုံးသပ်ပြီး ဆက်လက်ဆောင်ရွက်ရန်လုပ်ငန်းများကို
လမ်းညွန်မှာကြားခဲ့ပါသည်။
၎င်းနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ဝင်များသည် ညနေ ၃ နာရီ
မိနစ် ၄၀ တွင် လှိုင်သာယာမြို့နယ်ရှိ အတွင်း ပဒံကယ်ဆယ်ရေး
စခန်းသို့ရောက်ရှိပြီး လေဘေးသင့်ပြည်သူများအား နိုင်ငံတကာမှ
ပေးပို့လှူဒါန်းသည့် ရွက်ဖျင်တဲများဖြင့် အမိုးအကာလုံခြုံစွာ
စနစ်တကျနေရာ ချထားပေးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး
လေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ၍
အားပေးစကားပြောကြားခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီးသည်
ကယ်ဆယ်ရေးစခန်းရှိ ပြည်သူများ၏ထောက်ပံ့ရေးပစ္စည်းများ
ရရှိမှုအခြေအနေ၊ သုံးရေအတွက်ရေတုံကင်များ တပ်ဆင်ပေးထားမှု၊
ကျန်းမာရေးအတွက် ရေလောင်းအိမ်သာများ တည်ဆောက်ပေးထားမှုနှင့်
လှိုင်သာယာမြို့နယ် အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း၏
အမိုးများကိုကျောင်းဖွင့်ချိန်အမီ
ပြန်လည်ပြုပြင်တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်
သည်များကို မှာကြားခဲ့ပါသည်။ ထိုမှတစ်ဆင့်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ဝင်များသည်
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်
အမှတ်(၁၇)ရပ်ကွက် ရတနာပုံလမ်းရှိ အထူးကယ်
ဆယ်ရေးစခန်းသို့လည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
(၁၆)ရပ်ကွက် မောင်းမကန်ကမ်းသာလမ်းရှိ ကယ်ဆယ်ရေးစခန်းသို့လည်းကောင်း
ရောက်ရှိကြပြီး ဒုက္ခသည်ပြည်သူများအား
ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြပါသည်။
နိုင်ငံတော်အကြီးအကဲ၏ နွေးထွေး လှိုက်လှဲသော အားပေးစကားများက
လေဘေးဒဏ်ကြောင့် ဒုက္ခရောက်ပြီး ညှိုးနွမ်းအားငယ်နေသည့်
ပြည်သူများကိုအားတက်ရွှင်လန်း အပြုံးပန်း များဝေစေခဲ့ပါသည်။
ဗိုလ်ချုပ်မှူးကြီးနှင့် ဒုက္ခသည်များ ရင်းနှီးနွေးထွေးစွာ
တွေ့ဆုံအားပေး နေသည့် မြင်ကွင်းကိုရုပ်မြင်သံကြား၌
စောင့်မျှော်ကြည့်ရှုရင်း ကျွန်တော်တို့ပြည်သူများအားလုံးလည်း
အားရကျေနပ်မှုနှင့်အတူ ကိုယ်စီအပြုံးပန်းများ ပွင့်လန်းဝေဆာ
ကြည်နူးခဲ့ကြရပါသည်။
နောက်တစ်နေ့ မေလ ၁၉ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၅၀ တွင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ဝင်များသည်
တပ်မတော်ရဟတ်ယာဉ်များဖြင့် ရန်ကုန်မြို့မှ
ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့သို့ ရောက်ရှိကြပါသည်။
ရောက်ရှိပြီးနောက် ကွမ်းခြံကုန်းမြို့၏ လေဘေးဒဏ်သင့်မှုအခြေအနှေင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှုအခြေအနေများကို
မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။ ယင်းနောက်
အောင်ဆန်းသူရိယလှသောင်း အားကစားကွင်းရှိ ကွမ်းခြံကုန်းမြို့နယ်
လေဘေးကယ်ဆယ်ရေးစခန်း ရှင်းလင်းဆောင်၌ ကွမ်းခြံကုန်းဒေသနှင့် ဒေးဒရဲ
ဒေသတို့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ကြီးကြပ်ဆောင်ရွက်နေသည့် စွမ်းအင်ဝန်ကြီးဌာန
ဝန်ကြီးဗိုလ်မှူးချုပ်လွန်းသီက လုပ်ငန်းဆောင်ရွက်နေမှု
အခြေအနေများအား ရှင်းလင်းတင်ပြရာ ဗိုလ်ချုပ်မှူးကြီးက
လိုအပ်သည်များကို မေးမြန်းညှိနှိုင်း ဖြည့်ဆည်းပေးပြီး လမ်းညွှန်
အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဗိုလ်ချုပ်မှူးကြီးသည်
ကယ်ဆယ်ရေးစခန်းရှိ ပြည်သူများအား ရင်းရင်းနှီးနှီး
လိုက်လံတွေ့ဆုံအားပေး စကား ပြောကြားပြီး ကျန်းမာရေး
စောင့်ရှောက်မှုပေးနေသည့် ဆေးပေးခန်းကိုပါ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထိုမှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ဝင်များသည်
နံနက် ၉နာရီ ၁၀မိနစ်တွင် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်
ကျုံဒါးကျေးရွာ ကယ်ဆယ်ရေးစခန်းသို့ရောက်ရှိပြီး
ကယ်ဆယ်ရေးစခန်းဆေးပေးခန်း၌ လေဘေးသင့်ပြည်သူများအား
ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုစစ် ဆေးခဲ့ပါသည်။
ယင်းနောက် ဆိုလာဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်မီးရရှိအောင်
ဆောင်ရွက်ထားရှိမှုနှင့် စီဒီအမ်အေဆက်သွယ်ရေးစခန်း ဖွင့်လှစ်
ထားရှိမှု၊ အ၀ီစီတွင်းမှရေကို ရေသန့်စင်စက်ဖြင့်
သန့်ရှင်းသောသောက်သုံးရေးရရှိရေး ဆောင်ရွက်ထားရှိမှု၊
ကယ်ဆယ်ရေးစခန်းရှိ ပြည်သူများအား မီးစက်ဖြင့် လျှပ်စစ်မီးရရှိရေး
ဆောင်ရွက်ထားရှိမှု၊ ဂက်စ်မီးဖိုများဖြင့် ချက်ပြုတ်စားသောက်ရေး
အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးထားမှုတို့ကို လှည့်လည်ကြည့်ရှု
စစ်ဆေးပြီး ကယ်ဆယ်ရေး စခန်းရှိ ပြည်သူများအား ရင်းရင်းနှီးနှီး
တွေ့ဆုံအားပေးခဲ့ပါသည်။
|