|
လေဘေးသင့်၍ ညစ်ညမ်းခဲ့သည့် မြစ်ချောင်းများကို ဇီဝနည်းပညာအသုံးပြု၍ ပြန်လည်သန့်စင်မည်
မြန်မာဖိုရမ်၊ ဇူလိုင်လ
၎
ရက် ၂၀၀၈ ခုနှစ်။
မြန်မာနိုင်ငံအတွင်းရှိ မုန်တိုင်းသင့်ဒေသများဖြစ်သည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းမှ မြို့နယ်၊ ကျေးရွာများအတွင်းရှိ ရေထု ညစ်ညမ်းမှုများအား “ပတ်ဝန်းကျင်သန့်ရှင်းရေးနည်းပညာရှင်များအစုအဖွဲ့” Envir-Klean Technologists Associates (EKTA) မှ ကွင်းဆင်း တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို EKTA ပညာရှင် အဖွဲ့မှ တာဝန်ယူသူတစ်ဦးကပြောကြားသည်။
ပြီးခဲ့သည့် မေ ၂ ရက်နှင့် ၃ ရက်တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ကြောင့် ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ လပွတ္တာမြို့နယ်၊ ဘိုကလေးမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပင်လယ်ဒီရေ တက်ခဲ့ပြီး သတ္တ၀ါများ သေကျေပျက်စီးခဲ့ရာ ၎င်းဒေသ အနီးတ၀ိုက်ရှိ မြစ်၊ ချောင်းများအတွင်း၌ ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ ညစ်ညမ်းရေများကို ပတ်ဝန်းကျင်သန့်ရှင်းရေး နည်းပညာရှင်များအစုအဖွဲ့ (EKTA) က တာဝန်ယူသန့်စင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ခတ္တိယနည်းပညာကော်မတီစသည့် အဖွဲ့အစည်းများမှ ပူးပေါင်း၍ ရေထုသန့်ရှင်းရေးနှင့် လယ်ယာမြေ သန့်ရှင်းရေးများကို အဖွဲ့လေးဖွဲ့ခွဲ၍ မေ ၃၁ ရက်တွင် မော်လမြိုင်ကျွန်းမြို့မှ ကြက်လျှာကျေးရွာအထိ လယ်ယာမြေများ စိုက်ပျိုးရာတွင် အခက်အခဲရှိနိုင် မရှိနိုင်ကိုလည်းကောင်း၊ ရေတွင်ပါဝင်နေသည့် ဗက်တီးရီးယားအရေအတွက်နှင့် အောင်စီဂျင်မည်မျှလောက်ရှိခြင်းကို စမ်းသပ် ပြုလုပ်ခဲ့သည်။ စမ်းသပ်စစ်ဆေးချက်များအရ ယခုအချိန်အခါတွင် အဆိုပါရေများအား သုံးစွဲရာတွင် လူကို ၀မ်းပျက်၊ ၀မ်းလျှောရောဂါများ မဖြစ်ပေါ်နိုင်သော်လည်း သောက်သုံးရန်မသင့်လျော်သေးကြောင်းသိရသည်။ ၎င်းရေများအား “ပတ်ဝန်းကျင် သန့်ရှင်းရေးနည်းပညာရှင်များ အစုအဖွဲ့က ထိုင်းနိုင်ငံမှ ယူလာသော ဇီဝ ပိုးသတ်ဆေးများကို အသုံးပြု၍ သန့်စင်သွားမည်ဖြစ်ကြောင်းသိရသည်။
“အဲဒီ ဇီဝပိုးသတ်ဆေးတွေက လူကို ဆိုးကျိုးမပေးတဲ့ ကောင်းကျိုးပြုတဲ့ Friendly Bacteria တွေဖြစ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ မြေဆီလွှာတွေကိုလည်းအကျိုးပြုပါတယ်” ဟု EKTA အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်က ပြောကြားခဲ့ကြောင်းသိရှိရသည်။
PNS |