|
သတင်းထုတ်ပြန်ချက်
၁။ မြန်မာနိုင်ငံဒေသအချို့တွင် နာဂစ်မုန်တိုင်းဒဏ်ကြောင့်
ဘေးအန္တရာယ်ကျရောက်ခဲ့ရာ ပြည်တွင်း ပြည်ပ စေတနာရှင်များက ကယ်ဆယ်
စောင့်ရှောက်ရေးပစ္စည်းများကို အင်တိုက်အားတိုက် ပေးပို့
လှူဒါန်းလျက်ရှိသဖြင့် ကျေးဇူးတင်စွာဖြင့် လက်ခံရယူလျက်ရှိပါသည်။
၂။ ပြည်တွင်းပြည်ပ စေတနာရှင်များက
လေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသော ငွေ၊ ပစ္စည်းများကို
ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အစိုးရ မဟုတ်သော
အဖွဲ့အစည်းများပါဝင်သည့် နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများ အတွက်
အလှူငွေနှင့် ပစ္စည်းများ လက်ခံရေးနှင့် ကြီးကြပ်ရေးအဖွဲ့က
စာရင်းဇယားများဖြင့် စနစ်တကျ လက်ခံလျက် ရှိပါသည်။ ထိုသို့
လက်ခံပြီးနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အစိုးရမဟုတ်သော
အဖွဲ့အစည်းများ ပါဝင်သည့် ပြန်လည်ထူထောင်ရေးနှင့်
တည်ဆောက်ရေးဆပ်ကော်မတီက သက်ဆိုင်ရာ လေဘေးသင့်ခံရသူများ လက်ဝယ်သို့
အရောက် ချက်ချင်း ဆက်လက်ဖြန့်ဝေပေးအပ်လျက် ရှိပါသည်။
၃။ လေဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု
အကူအညီဖြင့် ပြည်တွင်း ပြည်ပမှ စေတနာရှင်များသည် နီးစပ်ရာ
မြန်မာသံရုံးများ၊ စစ်သံရုံးများ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊
တိုင်း နှင့် ပြည်နယ်များရှိ သဘာဝဘေး
ကာကွယ်စောင့်ရှောက်ရေးကော်မတီအဆင့်ဆင့်မှ တာဝန်ရှိသူများ၊
အခြားအကျိုးဆောင်ပုဂ္ဂိုလ်နှင့် တရားဝင်အဖွဲ့အစည်းများထံသို့
ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
၎။ မည်သူမဆို လေဘေးသင့်ခံရသူများအတွက် ပြည်တွင်းပြည်ပမှ
လှူဒါန်းသောငွေ၊ ပစ္စည်းများကို မရိုးမဖြောင့် သောသဘောဖြင့်
ထိန်းသိမ်း ထားခြင်း၊ ရောင်းဝယ်ခြင်း၊ လူပုဂ္ဂိုလ်နှင့်
အဖွဲ့အစည်းများအတွက် အသုံးချခြင်း၊ အခြား ကိစ္စရပ်များအတွက်
အလွဲသုံးစားပြုခြင်းများကို တွေ့မြင် သိရှိရပါက သတင်းပို့ခြင်း၊
တိုင်ကြားခြင်းပြုနိုင်ပါသည်။ သတင်းရရှိပါက စုံစမ်းဖော်ထုတ်ပြီး
ဥပဒေအရ ထိရောက်စွာအရေးယူသွားရန် ကြိုတင်စီမံထား ရှိပြီးဖြစ်ကြောင်း
အသိပေးအပ်ပါသည်။
ရက်စွဲ၊ ၁၅-၅-၂၀၀၈။
နေရာ၊ နေပြည်တော်။
အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး
ဗဟိုကော်မတီ |