ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုပေးရန်
နိုင်ငံတစ်ဝန်းလုံးမှ ၉၂.၄၈ ရာခိုင်နှုန်းကထောက်ခံ
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်၏ ကြေငြာချက်အမှတ်
(၁၂/၂၀၀၈) ကို ၂၀၀၈ ခုနှစ် မေ ၂၆ ရက် တွင် ထုတ်ပြန်ကြေငြာလိုက်သည်။
အဆိုပါကြေငြာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်
(ကြေညာချက်အမှတ် ၁၂/၂၀၀၈)
၁၃၇၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော်(၇) ရက်
(၂၀၀၈ ခုနှစ်၊ မေလ
၂၆ ရက်)
ပြည်ထောင်စုတစ်ဝန်းလုံးတွင် ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရလဒ် ကြေငြာခြင်း
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို နိုင်ငံတော် တစ်ဝန်းလုံးတွင်
မြို့နယ်ပေါင်း (၃၂၅)မြို့နယ်ရှိသည့်အနက် (၂၇၈)မြို့နယ်တို့၌ ၂၀၀၈
ခုနှစ်၊ မေလ (၁၀)ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ရာ
ထိုကျင်းပပြီးစီးခဲ့သည့် ဆန္ဒခံယူပွဲရလဒ်အား ဤကော်မရှင်၏ ၂၀၀၈
ခုနှစ်၊ မေလ (၁၅)ရက်စွဲ ပါ ကြေငြာချက်အမှတ် (၁၀/၂၀၀၈)ဖြင့်
လည်းကောင်း၊ ဤကော်မရှင်၏ ၂၀၀၈ ခုနှစ်၊ မေလ (၆)ရက်စွဲပါ
ကြေငြာချက်အမှတ် (၈/၂၀၀၈)ဖြင့် ထုတ်ပြန်ကြေငြာထားသည့်အတိုင်း
ပြင်းထန် သည့် “နာဂစ်” မုန်တိုင်းဒဏ်ခံခဲ့ရသော ရန်ကုန်တိုင်းမှ
မြို့နယ်ပေါင်း (၄၀)နှင့် ဧရာဝတီတိုင်းမှ (၇)မြို့နယ်တို့အတွက်
ကျင်းပရန်ရှိသည့် ဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ်၊ မေလ (၂၄) ရက်နေ့တွင်
ဆက်လက်ကျင်းပခဲ့ရာ ထိုဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ်၊ မေလ (၂၆)ရက်စွဲပါ
ကြေငြာချက် အမှတ် (၁၁/၂၀၀၈)ဖြင့် လည်းကောင်း ထုတ်ပြန်ကြေငြာခဲ့ပြီး
ဖြစ်ပါသည်။
၂။ ပြည်ထောင်စုတစ်ဝန်းလုံးတွင် လူဦးရေ (၅၇၅၀၄၃၆၈) ဦးနှင့် ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေ (၂၇၃၆၉၉၅၇)ဦးရှိခဲ့ရာမှ ပြင်းထန်သော “နာဂစ်” မုန်တိုင်းကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်းနှင့် မွန်ပြည်နယ်တို့တွင် သေဆုံးသူဦးရေ (၇၇၇၃၈)ဦးနှင့် ပျောက်ဆုံးသူဦးရေ (၅၅၉၁၇)ဦး ပေါင်း (၁၃၃၆၅၅)ဦးဖြစ်ပြီး ယင်းတို့အနက် ဆန္ဒမဲပေးခွင့်ရှိသူဦးရေ (၈၁၁၃၀)ဦး ပါဝင်ကြောင်း စာရင်းကောက်ယူရေးအဖွဲ့၏ တင်ပြချက်အရ သိရှိရပါသည်။ ထို့်ကြောင့် ယခုအခါ ပြည်ထောင်စုတစ်ဝန်းလုံးတွင် လူဦးရေ (၅၇၃၇၀၇၁၃)ဦးနှင့် ဆန္ဒမဲပေးခွင့်ရှိသူဦးရေ (၂၇၂၈၈၈၂၇)ဦး ရှိပါသည်။
၃။ ထို့်ကြောင့် ၂၀၀၈ ခုနှစ်၊ မေလ (၁၀)ရက်နေ့တွင် (၂၇၈)မြို့နယ်နှင့် ၂၀၀၈ ခုနှစ်၊ မေလ (၂၄)ရက်နေ့တွင် (၄၇)မြို့နယ် ပေါင်း (၃၂၅)မြို့နယ်တို့အတွက် ကျင်းပခဲ့သော ဆန္ဒခံ ယူပွဲ၏ စုစုပေါင်းရလဒ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ပြည်ထောင်စုတစ်ဝန်းလုံးရှိ
အသက် (၁၈)နှစ်ပြည့်ပြီး
ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ၂၇၂၈၈၈၂၇ ဦး
(ခ) ဆန္ဒမဲပေးသူဦးရေ ၂၆၇၇၆၆၇၅ ဦး
(၉၈
ဒသမ ၁၂) ရာခိုင်နှုန်း
(ဂ) ထောက်ခံဆန္ဒမဲပေးသည့်ဦးရေ ၂၄၇၆၄၁၂၄ ဦး
(၉၂
ဒသမ ၄၈) ရာခိုင်နှုန်း
(ဃ) ကန့်ကွက်ဆန္ဒမဲပေးသည့်ဦးရေ ၁၆၃၁၇၁၂ ဦး
(၆
ဒသမ ၁) ရာခိုင်နှုန်း
(င) ပယ်မဲ ၃၈၀၈၃၉ ဦး
(၁
ဒသမ ၄၂) ရာခိုင်နှုန်း
၎။ အထက်အပိုဒ် (၃)ပါအတိုင်း ပြည်ထောင်စုတစ်ဝန်းလုံး၌
ကျင်းပပြီးစီးခဲ့သည့် ဆန္ဒခံ ယူပွဲများတွင် ဆန္ဒမဲပေးသူစုစုပေါင်း
(၂၆၇၇၆၆၇၅) ဦး တို့၏ ဆန္ဒမဲပေးမှု အခြေအနေများမှာ
အောက်ပါအတိုင်းဖြစ်ပါသည်-
(က) မဲရုံသို့ကိုယ်တိုင်လာရောက်ဆန္ဒမဲပေးသူဦးရေ
၂၂၁၅၄၉၇၀ ဦး၊ (၈၂.၇၄) ရာခိုင်နှုန်း
(၁)
ထောက်ခံဆန္ဒမဲပေးသူဦးရေ
၂၀၂၁၅၆၃၇ ဦး
(၂) ကန့်ကွက်ဆန္ဒမဲပေးသူဦးရေ
၁၅၇၅၂၅၇ ဦး
(၃) ပယ်မဲ
၃၆၄၀၇၆ ဦး
(ခ) ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့်ဆန္ဒမဲပေးသူဦးရေ ၄၆၂၁၇၀၅
ဦး၊ (၁၇.၂၆) ရာခိုင်နှုန်း
(၁) ထောက်ခံဆန္ဒမဲပေးသူဦးရေ
၄၅၄၈၄၈၇ ဦး
(၂) ကန့်ကွက်ဆန္ဒမဲပေးသူဦးရေ ၅၆၄၅၅ ဦး
(၃) ပယ်မဲ
၁၆၇၆၃ ဦး
၅။ သို့ပါ၍ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံး၌
ကျင်းပခဲ့သော ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲတွင်
ဆန္ဒမဲပေးခွင့်ရှိသူဦးရေ (၂၇၂၈၈၈၂၇) ဦးတို့အနက်
(၂၆၇၇၆၆၇၅)ဦးတို့က လာရောက်ဆန္ဒမဲပေးခဲ့ကြပြီး ဆန္ဒမဲပေးသည့်
ရာခိုင်နှုန်းမှာ (၉၈.၁၂) ရာခိုင်နှုန်းဖြစ်ပါသည်။
အဆိုပါဆန္ဒမဲပေးသည့် (၂၆၇၇၆၆၇၅)ဦးတို့အနက် (၂၄၇၆၄၁၂၄) ဦး တို့က
ထောက်ခံဆန္ဒမဲပေးခဲ့ကြသည့်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းကို အတည်ပြုပေးရန် ထောက်ခံသည့်
ရာခိုင်နှုန်းမှာ (၉၂.၄၈) ရာခိုင်နှုန်းဖြစ်ကြောင်း ၂၀၀၈ ခုနှစ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေပုဒ်မ ၂၃ အရ
ကြေညာလိုက်ပါသည်။