ပြီးခဲ့တဲ့ မေလဆန်းမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့်
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရတဲ့ ဒေသတွေက အသက်ရှင်ကျန်ရစ်သူတွေ
ဆက်လက်အသက်ရှင်ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊
ပြည်သူနဲ့တပ်မတော်တို့ လက်တွဲ ပူးပေါင်းပြီး ကယ်ဆယ်ရေးနဲ့
ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေကို အပြေးအလွှား
အပူတပြင်းဆောင်ရွက်ပေးခဲ့ ကြပါတယ်။
အဲဒီမေလထဲမှာပဲ SSA-S အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကတော့
ရိုးသားစွာအသက်မွေးဝမ်းကျောင်း ပြုနေသူတွေကို ဆက်လက်အသက်ရှင်
ရပ်တည်ခွင့်မပေးဘဲ တုတ်၊ ဓား၊ လက်နက်တွေနဲ့ ရက်ရက်စက်စက်
ထိုးခုတ်သတ်ဖြတ်ပြီး သေတွင်းထဲကို ပို့ပစ်ခဲ့တယ်။
မုန်တိုင်းကျရောက်ချိန် မြစ်ဝကျွန်းပေါ်ဒေသက ရွာတစ်ရွာမှာ ရွာသူ၊
ရွာသားတွေကိုဘေးလွတ်ရာကို ရွှေ့ပြောင်းခိုလှုံကြဖို့
နှိုးဆော်ပို့ဆောင်ရင်း တပ်မတော်သားရဲဘော်လေးတစ်ဦး
အသက်ပေးလှူသွားခဲ့ရတယ်။ မြစ်ဝကျွန်းပေါ်ဒေသ မြို့တစ်မြို့ကနေ
မြို့နယ်အတွင်း ရွာနီးချုပ်စပ်တွေဆီကို ပဲ့ထောင်စက်လှေတွေနဲ့
ကယ်ဆယ်ရေးအဖွဲ့တွေ အမြန်စေလွှတ် ရှာဖွေစေခဲ့လို့ လေဘေးဒုက္ခသည် ၅၉၇
ဦးကို အချိန်မီရှာဖွေတွေ့ရှိ ကယ်ဆယ် နိုင်ခဲ့တယ်။ မေလ ၁၄ ရက်နေ့အထိ
တပ်မတော်ရဟတ်ယာဉ်တွေနဲ့ ဒုက္ခသည် ၆၃၇ ဦးကို ကယ်ဆယ်သယ်ယူ
ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်။ အရေးပေါ်လူနာ ၅၁ ဦးကို
အထူးကုဆေးရုံကြီးတွေဆီကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့တယ်။
နယ်မြေအချို့မှာ ရေပြင်အတိလွှမ်းနေလို့ ရဟတ်ယာဉ် ဆင်းမရပေမယ့်
ရှာဖွေမြင်တွေ့နေရတဲ့ ဒုက္ခသည်တွေဆီ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေကို
အနီးကပ်ဆုံး ပျံသန်းချပေးခဲ့ကြလို့ ဒုက္ခသည်တွေ အသက်ဆက်ပြီး
ကယ်ဆယ်ရေးစခန်းတွေဆီ အရောက်လှမ်းနိုင်ခဲ့ကြတယ်။
အဲဒီသတင်းတွေကို နိုင်ငံပိုင်သတင်းစာတွေမှာရော ပုဂ္ဂလိကစာနယ်ဇင်းတွေကပါ
ဖတ်ရှုသိရှိခဲ့ရတာဖြစ်ပါတယ်။ တစ်ချို့ သတင်းမြင်ကွင်းတွေကို
ရုပ်မြင်သံကြားမှာ တွေ့မြင်ခဲ့ရပါတယ်။ အဲဒီသတင်းမြင်ကွင်းတွေထဲမှာ
လိမ်တာ၊ ညာတာ၊ ၀ါဒဖြန့်တာ တစ်ခုမှမပါဘူးဆိုတာ ဖြတ်သန်းခဲ့ရတဲ့
သတင်းသမားဘ၀ အတွေ့အကြုံအရ ခံစားသိရှိနေပါတယ်။ ထိမ်ချန်တာတွေ
ရှိနေမလားဆိုပြီး ယထာဘူတကျကျ ဆန်းစစ်ကြည့်ခဲ့ပါသေးတယ်။
မြစ်ဝကျွန်းပေါ်တောင်ပိုင်းဆိုတာ သစ်ပင်တစ်ပင်ရဲ့ အမြစ်တွေလိုပဲ
ချောင်းငယ်၊ မြောင်းငယ်၊ ချောင်းလက်တက်၊ မြစ်လက်တက်တွေ
အလွန်ပေါများတဲ့ဒေသဖြစ်ပါတယ်။ ဒေသအတွင်း ရှိရှိသမျှလှေသမ္ဗန်နဲ့
ပဲ့ထောင်စက်အားလုံးနီးပါး နစ်မြုပ်ပျက်စီးသွား သလောက်ဖြစ်ခဲ့တာမို့
လတ်တလောအနေအထားမှာ နေရာအနှံ့ကိုရောက်အောင် ချက်ချင်းသွားဖို့
အခြေအနေမပေးခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်ရှိသမျှ ရဟတ်ယာဉ်တွေနဲ့
လှည့်လည်ပျံသန်း ကြည့်ရှုစစ်ဆေးပြီး ကယ်ဆယ်ရေးပစ္စည်းတွေ လည်းပို့၊
ဒုက္ခသည်တွေကိုရွှေ့ထုတ်၊ လူနာတွေကိုလည်း သယ်ပို့နဲ့ ပျားပန်းခတ်သလို
လုပ်ဆောင်ပေးနေရတယ်ဆိုတာ ခံစားနားလည်ပေးနိုင်ခဲ့ပါတယ်။ အဲဒီလို
လတ်တလောအပူတပြင်း အပြေးအလွှားလုပ်ဆောင်နေရချိန်မှာ အစိုးရနဲ့ ပုဂ္ဂလိက
မီဒီယာသမားတွေ၊ ကူညီထောက်ပံ့လှူဒါန်းသူတွေအနေနဲ့ နေရာအနှံ့ကို
ဘယ်လိုခြေဆန့်ပြီး ရောက်ရှိနိုင်မလဲ၊ ရောက်သွား တယ်ဆိုသည့်တိုင်
လေဘေးသင့်ဒေသတစ်ခုလုံးကို
လွှမ်းခြုံရှုမြင်သုံးသပ်နိုင်စွမ်းရှိနိုင်ပါ့မလား၊ အလုံးစုံရဲ့
တစ်စိတ် တစ်ပိုင်းကိုသာ တွေ့မြင်ပြီး သတင်းကို အရှိအတိုင်း မဖော်ပြဘဲ
ခံစားချက်တွေ၊ ထင်မြင်ယူဆချက်တွေ၊ ဝေဖန်သုံးသပ် ချက်တွေနဲ့
ရောသမမွှေလိုက်ကြတာမို့ ပြည်တွင်း၊ ပြည်ပဆန့်ကျင်ဘက်အုပ်စုအတွက်
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ အကွက်ထဲဝင်သွားခဲ့ကြကြောင်း
သုံးသပ်တွေ့ရှိရပါတယ်။
သူတို့အတွက်တော့ ဒါဟာ ပွဲကြီးပွဲကောင်းပါ၊ လူသားချင်း
စာနာထောက်ထားမှုနဲ့ ကူညီချင်ပါတယ်ဆိုတဲ့သူတွေဟာ စာနာ ထောက်ထားမှု၊
နားလည်သဘောပေါက်မှုတွေကို လျစ်လျူရှုပြီး လူသားများအပေါ် ကျူးလွန်တဲ့
ရာဇ၀တ်မှုဆိုတာနဲ့တောင် ခေါင်းစဉ်ပြောင်းပြီး မီးစတစ်ဖက်
ရေမှုတ်တစ်ဖက်နဲ့ ကမ္ဘာကို မျက်လှည့်ပြခဲ့ကြပါတယ်။ ရေနစ်သူကို
ဝါးကူထိုးဖို့ကြိုးစားနေ ကြတာဖြစ်ပါတယ်။ မိုးလုံးပြည့်မုသာဝါဒီတွေက
စိတ်ဓာတ်မုန်တိုင်း ထပ်ဆင်နေတာ တွေ့နေရပါတယ်။
လေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ကူညီရေးမှာ အလွန်ကျယ်ပြန့်မှု၊
အခက်အခဲအမျိုးမျိုးရှိမှုတွေကြောင့် ဖြစ်ခဲ့ရတဲ့ အားနည်းမှုလေးတွေကို
တစ်ဆိတ်တစ်အိတ်လုပ်ပြီး “လူသားများအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှု”လို့
ခေါင်းစဉ်တပ် ကြွေးကြော်ခဲ့ကြတဲ့ မိုးလုံးပြည့် မုသာဝါဒီသမားတွေဟာ
SSA-S ရွက်ဆစ်အဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ် မြို့နယ်
ကုန်းလေမုတ်ကျေးရွာမှာ အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီး
ကျူးလွန်ခဲ့တဲ့သတင်းကိုတော့ ရေငုံနှုတ်ပိတ် လုပ်နေကြတာတွေ့ရပါတယ်။
အိပ်ချင်ယောင် ဆောင်နေခဲ့ကြပါတယ်။ သတင်းမှောင်ချထားပါတယ်။
ပြည်ပသတင်းဌာနတွေမှာ ဘယ်လိုများ ထင်မြင်သုံးသပ်ချက်ပေးမလဲလို့
စောင့်ကြည့်လေ့လာခဲ့ပေမယ့် မေလ ၃၁ ရက်ညပိုင်း BBC မှာ SSA-S က
လူသတ်မှုကျူးလွန်တာနဲ့ပတ်သက်ပြီး အစိုးရအပေါ် အပြစ်ပုံချထုတ်လွှင့်သွားတဲ့
သတင်းတစ်ပုဒ်ကလွဲလို့ တစ်ခြားဘာမှ မကြားသိခဲ့ရပါဘူး။
ဒါဟာ ဘာအတွက်လဲ၊ ဘာကြောင့်လဲ။ မြန်မာအစိုးရလုပ်သမျှ အပုပ်ချ၊ အကြမ်းဖက်
အဖျက်သမားတွေလုပ်သမျှ ဟုတ်သပဆိုတဲ့ မူဝါဒကြောင့်လား၊ သိန်းနဲ့ချီတဲ့
ဒုက္ခသည်တွေရဲ့အသက်ကို ကိုယ့်အားကိုယ်ကိုးပြီး ကယ်ဆယ်တာကို
အပြစ်မြင်ပြီး အပြစ်မဲ့ပြည်သူ တစ်ဒါဇင်ခန့်ကို ပြည်ပအားကိုးနဲ့
သတ်ဖြတ်တာကို အချစ်ဝင်နေလို့လား၊ ပြည်တွင်း၊ ပြည်ပ
ဆန့်ကျင်ဘက်အုပ်စုတွေပြောခဲ့သမျှ၊ ထုတ်လွှင့်ခဲ့သမျှ
သတင်းဖြစ်စဉ်တွေအားလုံးက အဲဒီကောက်ချက်တွေကိုပဲ
ညွှန်ပြနေတာတွေ့နေရပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အကောင်းမမြင်တဲ့ သတင်းတွေကိုသာ ထမင်းမေ့၊
ဟင်းမေ့၊ ဆွေမေ့၊ မျိုးမေ့၊ တစ်နေ့တစ်မျိုး မရိုးရအောင်
ထုတ်လွှင့်သွေးထိုးနေတဲ့ သတင်းမုဆိုးတွေကို မုဆိုးစိုင်သင်တယ်လို့တော့
မထင်လိုက်ပါနဲ့။ ပြည်ပသတင်း ဌာနမှာ သတင်းမုဆိုးကြီးတွေဖြစ်လို့
သတင်းခြေရာခံ၊ ခြေရာကောက်တဲ့ အတတ်ပညာမှာ တစ်ဖက်ကမ်းခတ်နေမှာပါ။
ဒါပေမယ့် တစ်ဖက်မြင်၊ တစ်ဖက်ကန်းနေတာလား၊ မေ့ပင်အောက်ရောက်ပြီး
တမင်မေ့ပျောက်ထားတာလား မသိရလို့ SSA-S ရွက်ဆစ်အဖွဲ့ဆိုတာ ဘာလဲ၊
ဘယ်လဲဆိုတာ သရုပ်ပြခွဲပြချင်ပါတယ်။
SSA-S ရွက်ဆစ်အဖွဲ့ဟာ ဘိန်းမှောင်ခို အကြမ်းဖက် အဖျက်သမားအဖွဲ့သာ
ဖြစ်ပါတယ်။ နယ်ချဲ့လက်သစ်နိုင်ငံကြီးက မြန်မာနိုင်ငံအပေါ် နောက်ကျောကို
ဓားနဲ့ထိုးဖို့လုပ်ကြံလာတာကြောင့် ဦးခွန်ဆာ ဦးဆောင်တဲ့ MTA အဖွဲ့ဟာ
၁၉၉၆ ခုနှစ် ဇန်န၀ါရီလမှာ လက်နက်နဲ့ငြိမ်းချမ်းရေး အပြီးအပိုင်လဲပြီး
ဥပဒေဘောင်အတွင်း ၀င်ရောက်လာခဲ့တယ်၊ ရွက်ဆစ်ဟာ MTA
အဖွဲ့နဲ့အတူပါလာပြီးမှ ဘိန်းမှောင်ခိုအကြွေးတွေပြန်ရဖို့
မူးယစ်ဆေးမှောင်ခိုလုပ်ငန်းကို ဆက်လုပ်လိုတဲ့အတွက် တောပြန်ခိုခဲ့တယ်။
အဲဒီကနေ ရှမ်းသောင်းကျန်းသူ လက်ကျန် ခွန်ကြာနုတို့နဲ့ ဆက်သွယ်မိပြီး
နယ်စပ်မှာ SURA ဆိုတာကို ဖွဲ့ပြီး လက်နက်ကိုင်
သောင်းကျန်းခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ SSA-S လို့ အမည်ခံခဲ့တယ်၊ ရွက်ဆစ်အဖွဲ့ရဲ့ဌာနချုပ် ဟာ
မိုင်းန၊ လွယ်တိုင်းလျှံမှာ အခြေပြုထားတယ်။ နိုင်ငံခြားသားတွေ၊
ပြည်ပသတင်းမီဒီယာတွေ တံခါးမရှိ၊ ဓားမရှိ ဥဒဟို ၀င်ထွက်နေတဲ့နေရာမို့
သတင်းမုဆိုးကြီးတွေလည်း ရောက်ဖူးကြမှာ သေချာပါတယ်။ အဲဒီ လွယ်တိုင်းလျှံ
အနီးတစ်ဝိုက်မှာ ဘိန်းချက်စခန်းတွေရှိတယ်၊ ငွေစက္ကူအတုလုပ်တဲ့စက်တွေ
ထားတယ်ဆိုတဲ့ သတင်းအနံ့ကိုလည်း ခံမိကြမှာပါ။ ဒီနေရာမှာ
စာရှည်သွားမှာမို့ ရွက်ဆစ်အဖွဲ့ရဲ့ ဗမာမုန်းတီးရေးဝါဒကို ဗန်းပြ၊
ရှမ်းလူမျိုးကြီးဝါဒကိုကျင့်သုံးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊
ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေ၊ အစုလိုက်အပြုံလိုက်
မုဒိမ်းကျင့်မှုတွေကိုပဲ အဓိကထား ဖော်ပြသွားပါ့မယ်။