MyanmarForum
 

မူလစာမျက်နှာ

သတင်းကဏ္ဍ

ဆောင်းပါးကဏ္ဍ

သတင်းထုတ်ပြန်ချက်များ

 အခြားအဖွဲ့များ၏သဘောထား  

ဓာတ်ပုံကဏ္ဍ

အခြားဝက်ဆိုက်များ

သတင်းဘလော့ဂ်များ

 
 

၂၀၀၈ ခုနှစ်၊ ဇွန်လ၊ ၂၅ ရက်၊ ဗုဒ္ဒဟူးနေ့

 

 

 

ကမ္ဘာ့ခုံရုံးတင်သင့်တဲ့ နံပတ်တစ် တရားခံ ဘယ်သူလဲ

မြန်မာအစိုးရကို လေဘေးသင့်ပြည်သူတွေအပေါ် လျစ်လျူရှုထားမှုနဲ့ ကမ္ဘာ့ပြစ်မှုဆိုင်ရာ တရားရုံးကို တင်သင့်တယ်လို့ မဟာအင်အားကြီး အမေရိကန်နိုင်ငံက ထိပ်တန်းအရာရှိကြီးတွေ၊ လွှတ်တော်အမတ်တွေက ကျယ်ကျယ်လောင်လောင်ပြောနေကြတာကြားရတော့ မပြုံးဘဲဝါးလုံးကွဲ အောင် ဟားတိုက်ပြီး ရယ်ချင်လိုက်ပါဘိတော့။

သူတို့စွပ်စွဲချက်တွေက တကယ်တော့ သူတို့ကိုဘဲ အရင်ပြန်ပတ်နေတယ်ဆိုတာ မသိရှာကြဘူးလေ။ မြန်မာ အစိုးရဟာ နိုင်ငံခြားက ကျွမ်းကျင် တဲ့ပညာရှင်အကူအညီတွေကို လက်မခံဘူးတဲ့။ ၂၀၀၅ ခုနှစ်က အမေရိကန်မှာ ကက်ထရီနာဟာရီကိန်းမုန်တိုင်းတိုက်ခဲ့တုံးကရော။ အမေရိကန်အစိုးရနဲ့ မသင့်မြတ်တဲ့ ကျူးဘားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေဟာ ဒုက္ခရောက်နေတဲ့ လေဘေးသင့်ပြည်သူတွေကို အကူအညီပေးဖို့ အရင်ဆုံး ကမ်းလှမ်း ခဲ့တဲ့နိုင်ငံတွေပါ။ ဒီနိုင်ငံတွေက ကမ်းလှမ်းခဲ့တဲ့ အကူအညီတွေထဲမှာ ငွေကြေးဒေါ်လာ တစ်သန်းကျော် ရွှေ့ပြောင်းနိုင်တဲ့ ဆေးရုံတွေ၊ ရေသန့်စက်တွေ၊ သောက်ရေသန့်ဘူးတွေ၊ စည်သွပ်ဘူးတွေ၊ လောင်စာဆီတွေအပြင် ဆရာဝန် ၁၁၀၀ နဲ့ ဆေးဝါးပစ္စည်း ၂၆.၄ တန် ပါဝင်ပါတယ်။ ဒီအကူအညီတွေကို အမေရိကန်အစိုးရက လုံးဝ လက်မခံခဲ့ဘူးလေ။

နောက်တစ်ခု စွပ်စွဲတာက မြန်မာအစိုးရဟာ အသင့်ရောက်နေတဲ့ အမေရိကန်ဗြိတိသျှနဲ့ ပြင်သစ် စစ်သင်္ဘောတွေကို အ၀င်မခံလို့ လူတွေကို အချိန်မီမကယ်နိုင်ဘဲ ထောင်သောင်းချီသေခဲ့ရတယ်ဆိုတဲ့ အချက်ပါ။ ကက်ထရီမှာတုံးကလည်း အမေရိကန်အစိုးရဟာ ဖလော်ရီဒါ ပင်လယ်ကွေ့ထဲမှာ အသင့်ရောက်နေတဲ့ ပြင်သစ် ဆေးရုံသင်္ဘောတွေ၊ ပြင်သစ်လေယာဉ်တွေ၊ ရုရှားနဲ့ ဂျာမနီက လေယာဉ်တွေကိုလည်း အ၀င်မခံခဲ့ပါဘူး။ ဒါတောင်မှ ဒီနိုင်ငံတွေဟာ အမေရိကန်ရဲ့မိတ်ဆွေနိုင်ငံတွေပါ။

မြန်မာနိုင်ငံက ဒုက္ခရောက်နေတဲ့သူတွေကို သူတို့ရဟတ်ယာဉ်နဲ့ ကယ်တင်ခွင့်မပေးခဲ့လို့ မကြေမနပ်ဖြစ်နေပါတယ်ဆိုတဲ့ အမေရိကန်အစိုးရဟာ နယူးအော်လင်း ပြည်နယ်မှာ ဒုက္ခရောက်နေတဲ့ သူတို့အမေရိကန် ပြည်သူတွေကို ကယ်တင်ဖို့အတွက်ကျတော့ အမေရိကန်လေတပ်က ရဟတ်ယာဉ်တွေအပါအ၀င် အရပ်ဘက်၊ စစ်ဘက် ဘယ်ရဟတ်ယာဉ်တွေကိုမှ တက်ခွင့်မပေးခဲ့ပါဘူး။ ဒါတင်မကသေးပါဘူး။ အမေရိကန်နိုင်ငံ တစ်ဝန်းကပေးပို့ခဲ့တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ၊ ရေသယ်ကားတွေကိုလည်း ၀င်ခွင့်မပေးခဲ့ပါဘူး။ ဒီလိုမျက်နှာလွှဲခဲပစ် လုပ်ခဲ့ပြီးကိုးရက် ဆယ်ရက်လောက်ကြာမှ ဗဟိုအစိုးရစပြီး ထိထိရောက်ရောက် ကိုင်တွယ် ခဲ့တဲ့အတွက် လူတွေသောင်းနဲ့သိန်းနဲ့ချီပြီး အအောက်အဦးအမိုးတွေပေါ်မှာ ရက်ပေါင်းများစွာ နေခဲ့ကြရတယ်။ နယူးအော်လင်းပြည်နယ်မှာဆိုရင် သောက်ရေ အစားအစာနဲ့ ဆေးဝါးဆိုလို့ ဘာမှ မရှိတဲ့ Superdome လို ခေါ်တဲ့ အမိုးကြီးအောက်မှာ လူနှစ်သောင်းလောက် ပြွတ်သိပ်ခိုကပ်ပြီး နေခဲ့ကြရတယ်။ ဒီကာလအတွင်းမှာ ရေငတ်လို့သေရတဲ့သူတွေ၊ အစာရေစာငတ်လို့ အားပြတ်ပြီးသေရတဲ့သူတွေ၊ စားစရာမရှိလို့ ဆိုင်တွေဖောက်ပြီး ယူတာကို ရဲတွေကပစ်လို့ သေကြရတဲ့သူတွေလည်း အများကြီးဘဲ။ ရေငတ်ပြီး သေကြရတဲ့အထဲမှာ မိဘမဲ့ ကလေးတစ်ချို့လည်းပါပါတယ်။

စားစရာမရှိလို့ တွေ့သမျှ စတိုးဆိုင်တွေကို ရိုက်ဖွင့်ပြီး သောက်ရေနဲ့စားစရာရှာကြတဲ့သူတွေဟာ လူမည်းတွေ ဖြစ်နေရင် လုယက်တယ်ဆိုပြီး ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ရဲတွေက သေနတ်နဲ့ ပစ်တယ်။ လူဖြူတွေဖြစ်နေရင်တော့ သြော် ဒါဟာ ငါ့ဝမ်းပူဆာ မနေသာလို့ စားစရာရှာတာဘဲလို့ဆိုပြီး ဘာမှ မလုပ်တာမျိုးလည်းရှိတယ်လို့ ပြောဆိုဝေဖန်လာကြတာတွေလည်း ကြားခဲ့ရပါတယ်။ အဲဒီ လေဘေးသင့်နယ်တွေဟာ လူမည်းတွေ နေတာများလို့ အစိုးရက ဂရုမစိုက်ဘူး သမတဘုရှ်ဆိုရင် တစ်ခေါက်မှ တောင်လာမကြည့်ဘူးလို့ မကြေမနပ်ပြောခဲ့ကြလို့ လူမည်း အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် ကိုယ်တိုင်သွားပြီးတော့ ချော့မော့ဖြန်ဖြေပေးခဲ့ ရသေးတယ်။

ကဲ... ဒီလို အဖြစ်အပျက်မျိုးဟာ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး အချမ်းသာဆုံး နိုင်ငံကြီးမှာ ဖြစ်ခဲ့တာပါလို့ပြောရင် ဘယ်သူယုံမှာလဲ။ ဒါကြောင့်လည်း ကတ်ထရီနာ မုန်တိုင်းအပြီးမှာ ဗြိတိန်က နာမည်ကြီး The Mirror သတင်းစာကြီးက “အမေရိကန်နိုင်ငံမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ဆိုးဆိုးဝါးဝါး ဖြစ်နေတာတွေ တစ်ပုံကြီးရှိတယ်။ ဒါပေမဲ့ လူမသိအောင် ဗိုက်အောက်မှာ ထည့်ပြီး ဖွက်ထားနိုင်ခဲ့တယ်။ အခုတော့ နယူအော်လင်းမှာ ဖြစ်ခဲ့သမျှတွေကြောင့် တစ်သက်လုံး ဖုံးသမျှပေါ်သွားခဲ့ရပြီ” လို့ ရေးခဲ့တာဖြစ်ပါတယ်။

ဒါဟာ .. ကတ်ထရီနာမုန်တိုင်းတစ်ခုတည်းကိုဘဲ ထောက်ပြတာပါ။ ကိုယ့်ပြည်သူလူထုကိုတောင်မှ ဂရုမစိုက်တဲ့ အမေရိကန်အစိုးရဟာ တစ်ခြားနိုင်ငံတွေက ပြည်သူတွေဆိုရင်တော့ ဘာများပြောစရာရှိတော့မှာလဲ။ အမေရိကန် ကြားမှာ Block Water တပ်ဖွဲ့တွေက အီရတ်မြို့တော် ဘဂ္ဂဒက် လမ်းဆုံလမ်းခွမှာ တွေ့သမျှကားတွေကိုပစ်ခတ် ခဲ့လို့ အပြစ်မရှိတဲ့ အီရတ်ပြည်သူတွေ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရတာကိုရော ဒီကိုယ်တော်မြတ်တွေကို ဘယ်လိုများ အရေးယူခဲ့လို့လဲ။ အာဖဂန်နစ္စတန်မှာ သူ့ဖာသာ မင်္ဂလာဆောင်နေကြတဲ့ ရွာကလေးပေါ်ကို တာလီဘန်တွေ စုနေပြီဆိုပြီး မဆင်မခြင်ဗုံးတွေကြဲချခဲ့လို့ သတို့သား သတို့သမီးရော တစ်ဆွေမျိုးလုံးပါ အမျိုးပြုတ်သွားခဲ့ ရတာကိုလည်း “ဆောရီး” တစ်လုံးနဲ့ ချေခဲ့တာဘဲ မဟုတ်လား။

ဒါတွေဟာ စိတ်ကူးယဉ် လီဆယ်လုပ်ကြံပြီး ပြောနေတာ တစ်ခုမှ မပါပါဘူး။ အားလုံးဟာ တကယ့် အဖြစ်မှန် တွေပါ။ ဒါဆိုရင် အမှန်တကယ် ကမ္ဘာ့ခုံရုံးတင်သင့်တဲ့ နံပတ်တစ် တရားခံဟာ ဘယ်သူဖြစ်သင့်သလဲဆိုတာ အားလုံးသဘောပေါက်သွားကြလိမ့်မယ်လို့ ထင်ပါတယ်။

(ကိုမြန်မာ)

 

 
     
     
     
New Page 1

For the best online experience, view this site at 1024 X 768 screen size.
Copyright by myanmarforum.net