မျှော်မနေနဲ့ မောသွားမယ်
ကိုမြန်မာ
ဇာတိပုည၊ ဂုဏ်မာနတွေနဲ့ ဇာတိမာန် မျိုးချစ်စိတ်ဓာတ်
ပြင်းထန်တဲ့လူမျိုးလို့ နာမည်ရခဲ့တဲ့ မြန်မာတွေ ထဲမှာ
အဖေကိုကျော်ပြီး ပထွေး မျှော်တတ်တဲ့သူတွေဟာလည်း ဆွမ်းဆန်ထဲမှာ
ကြွက်ချေးရောသလို ခေတ် အဆက်ဆက် ရောနှောပါလာကြတာ
အော့နှလုံးနာဖို့ကောင်းပါရဲ့။
ကိုလိုနီဘ၀ သူ့ကျွန်အဖြစ်ရောက်ခါစ ကာလမှာဘဲ ဒီလို
ပထွေးမျှော်သမားတွေကို အမြင်ကတ်လွန်းလို့ အချုပ်တန်းဆရာဖေက
“မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ်ပြီ”ဆိုတဲ့
တေးထပ်နဲ့ သြဘာပေးခဲ့ ပါသေးတယ်။ မျက်နှာဖြူကုလားဆိုရင်
စာဇင်(ဆာဂျင်)ကိုတောင် ဦးချလို့ “ပလူးရ ပြေးကြို့ခါခါ၊
ခွေးသို့ပမာ”လို့ ပြောင်မြောက်လှတဲ့ ဥပမာနဲ့ နှိပ်ကွပ်ခဲ့တာပါ။
ဒါပေမယ့်လည်း ခေတ်အဆက်ဆက်မှာ နယ်ချဲ့နောက်လိုက်ခွေးတွေကတော့
ဆရာဖေရဲ့ ဥပမာ လောက်ကို ပန်းနဲ့ပေါက်တယ်လို့ဘဲ ထင်ခဲ့ ကြတာပါ။
ဂျပန်ခေတ်မှာလည်း “စိန်ကြည်နော် စိန်ကြည်၊ လင်ယူပက် စက်သည်၊ မာစတာက
တိုကျိုပြန်၊ ဗိုက်တစ်လုံးနဲ့ကျန်” လို့
သီးချင်းလုပ်ဆို ရလောက်အောင် မိန်းမတစ်ချို့က နိပွန်မာစတာတွေနဲ့
အဆင်ပြေခဲ့ကြသလို၊ ယောက်ျားတွေထဲမှာလည်း ဂျပန်ကင်ပေတိုင်
စကားပြန်လုပ်ပြီး ဖက်ဆစ်တော်လှန်ရေးရဲဘော်တွေကို လက်ထောက်ချ
ဒုက္ခပေးခဲ့တဲ့သူတွေ အများကြီးရှိခဲ့တာ အမှန်ပါဘဲ။
ဒုတိယကမ္ဘာစစ်ပြီးစ ကက်စဘီခေတ်ရောက်တော့ “ဂျစ်လေဒီ”ဆိုပြီး
နာမည်တစ်မျိုးနဲ့ ခေတ်စားလာပြန် ပါရော။ မိန်းမတွေက
ဂျစ်ကား နဲ့တင်ခေါ်တဲ့ မျက်နှာဖြူတွေနောက် ပါသွားရုံဘဲရှိတယ်။
မျက်နှာဖြူနောက်လိုက် ပုဆိန်ရိုး သစ္စာဖောက် ယောက်ျားတစ်ချို့ကတော့
ပထွေးနဲ့ပေါင်းပြီး မျိုးချစ်နိုင်ငံခေါင်းဆောင်တွေကို
လုပ်ကြံခဲ့လို့ တစ်တိုင်းပြည်လုံး ချောက်ကျခဲ့ရပါပြီကော။
ဒီခေတ်မှာလည်း ပထွေးမျှော်သမားတွေကတော့ အလေ့ကျ
လမ်းဘေးပေါက်ပင်တွေလို အမြစ်မပြတ် နိုင်ဘဲ ရှိနေသေးတာပါဘဲ။
တိုင်းပြည် မျက်နှာနဲ့ လေဘေးဒဏ်ခံလူထုရဲ့ ဘေးဒုက္ခခံစားရမှုတွေကိုမှ
မစာမနာ၊ လေဘေးကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်နိုင်ဖို့
ပထွေးတွေကို မျှော်ခဲ့ကြပါ သေးတယ်။ နိုင်ငံခြားစစ်သင်္ဘော တွေ
ဧရာဝတီကမ်းလွန်မှာ ရောက်နေပြီဆိုတဲ့ သတင်းရတာနဲ့ ပြည်တွင်းပြည်ပက
ဂျလေဘီအာဏာရူးတွေဟာ သေခါနီးလူပမာအနား ပြိတ္တာတွေမြူးသလို
မြူးတော့တာပါပဲ။ “မိုးရွာရင် မိုးရေချိုးမယ်၊ ပထွေးကြီးလာရင်
အုန်းသီးခွဲစားမယ်”ဆိုတဲ့ သီချင်းနဲ့တောင်မှ ထကတော့မယ့်အတိုင်းဘဲ။
အော်ကြ၊ ဟစ်ကြ၊ ကြေညာချက်တွေ ထုတ်ကြ၊ လက်ကမ်းစာစောင်တွေ
တိတ်တိတ်ဝေကြနဲ့။
သူတို့ပထွေးတွေရဲ့ ၀င်ရောက်စွက်ဖက်ရေး အကြံမအောင်လို့
သင်္ဘောတွေပြန်ခွာသွားတော့၊ တစ်ဖျစ် တောက်တောက်နဲ့
“နာလိုက်လေ-နာလိုက်လေ”ဆိုပြီး ဖြစ်နေလိုက်တာ။ ပြည်ပြေးဆရာဝန်၊
အယ်ဒီတာ၊ စာရေး ဆရာ မဟာဘွဲ့ထူး ဂုဏ်ထူးတွေ တသီကြီးတပ်ပြီး
ကိုယ့်ကိုယ်ကိုယ် ကြွားလုံးထုတ်ထားတဲ့ ပုပ်ကိုယ်ကြီး တစ်ယောက်ရဲ့
ဘလော့ဂ်ဆိုက်မှာဆိုရင် ပထွေးတွေအနားမှာရှိတုန်း၊ ပြည်တွင်းက
ဆူပူမပြလိုက်လို့ “မိုက်လိုက် ပါဘိတော့”ဆိုပြီး မချိတင်ကဲနဲ့လေ။
ဒီမှာ ပြည်သူတွေက လေမုန်တိုင်းထိ၊ ရေဘေးမိလို့ အတိဒုက္ခရောက်နေချိန်
မှာ ခွေးအတွေ၊ လင်းတတွေ မသေ မရှင်အကောင်တွေကို ချောင်းသလို၊
လူမမာဖင်ခုထိုင်ပြီး အမြတ်ထုတ်ဖို့ ချောင်းနေတဲ့
အသုဘပွဲစားဖဲသမားတွေလို ဆန်ကောလောက်မှ စောက်မနက်၊
အကြံပက်စက်လိုက်ကြပါပေရဲ့။
ပထွေးတွေပြန်သွားတာတောင်မှ အားကတော့ မလျှော့သေးဘူး။ သူ့ပထွေး
ရောဘတ်ဂိတ်စ်ကြီးက ပြောသွားတယ်။ အခြေအနေပေးရင် ပြန်လာဦးမယ်တဲ့၊
ဒါကြောင့် လုပ်ကြဦး၊ ဆူကြဦးဆိုပြီး ပြည်တွင်းက ငမျောက် ငခြောက်
နိုင်ငံသစ္စာဖောက်တွေကို မြှောက်ပေးနေလိုက်သေး။
ခက်တာက ကိုယ့်ဖာသာကိုယ် ဘာကြီး ညာကြီးနဲ့ အထင်တွေကြီးနေတာ၊
ကမ္ဘာအကြောင်း၊ မြန်မာ အကြောင်းလည်း ဘာမှမသိဘူး။ သူ့ပထွေး
အမေရိကန်ကြီးကဖြင့် အာဖဂန်နစ္စတန်မှာ စစ်အင်အား ၃၂၀၀၀၊ အီရတ်မှာ
အင်အား ၁၄၅၀၀၀ ကျော် ချထားတာတောင်မှ မရှုနိုင်မကယ်နိုင်ဖြစ်နေလို့
မြန်မာနိုင်ငံထက် အဆတစ်ထောင်မက အရေးကြီးတဲ့
အဏုမြူဗုံးလုပ်ဖို့ပြင်နေတဲ့ အီရန်ကိုတောင်မှ တိုက်ချင်လျက်
လက်ယားနေတာတောင် ဒီ အတိုင်း ငုတ်တုတ်မေ့နေရတာ။
မြန်မာရေပိုင်နက်နားမှာ သင်္ဘောတွေလာသွားတယ်ဆိုတာ ခွေးဝမ်း သာအောင်
လေလည်ပြသွားတာဆိုတာ အနှီ ပြင်ညာ ရှိကြီး မသိရှာပါလား။
သနားဖို့ကောင်းလိုက်ပါဘိ။
အမေရိကန်မှာ လိုငွေတွေပြ၊ စီးပွားရေးကကျ၊ ဒေါ်လာဈေးက
ဒိုက်ဗင်ထိုးဆင်းနေပြီး စစ်စရိတ်တွေက လည်ပင်းခိုက်နေလို့၊
သမ္မတဘုရှ်ကြီး တစ်ယောက် အကြံအိုက်ပြီး မျောက်မှိုင်မှိုင်နေရတာ။
ဒီလိုအခြေအနေမျိုးမှာ တော့၊
“ပထွေးကြီးရေ-လာပါတော့၊ ကျီးကန်းတမော့မော့” လုပ်မနေနဲ့
ကိုယ့်လူတို့ရေ၊ မျှော်မနေနဲ့၊ မောရုံပဲ ရှိတယ်၊ သိလား။