MyanmarForum
 

မူလစာမျက်နှာ

သတင်းကဏ္ဍ

ဆောင်းပါးကဏ္ဍ

သတင်းထုတ်ပြန်ချက်များ

 အခြားအဖွဲ့များ၏သဘောထား  

ဓာတ်ပုံကဏ္ဍ

အခြားဝက်ဆိုက်များ

သတင်းဘလော့ဂ်များ

 
 

၂၀၀၈ ခုနှစ်၊ မတ်လ၊ ၅ ရက်၊ ဗုဒ္ဓဟူးနေ့

 

 

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထူးကြေညာချက်
၁/၀၂/၀၈ အပေါ် သုံးသပ်အကြံပြုချက်


၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်


 

NLD ပါတီအနေနဲ့ ယခုနှစ်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှစ်အဖြစ် သတ်မှတ်ကြောင်း ၂၀၀၈ခုနှစ်တွင် အမျိုးသားပြန်လည် သင့်မြတ်ရေးမုချရှိစေရမည်ဖြစ်ကြောင်း ရည်မှန်းချက်ထားတဲ့အတွက် အဆိုပါ အမျိုးသားပြန်လည်သင့်မြတ်ရေးဘောင်အတွင်းမှ အောက်ပါ အတိုင်း သုံးသပ်အကြံပြုအပ်ပါတယ်။

ရှေးဦးစွာ သတိပြုလက်ခံသင့်တဲ့ လက်တွေ့ဘ၀ကတော့ NLD အဖို့ မိမိနှင့် စေ့စပ်အပေးအယူ လုပ်ရမယ့်အဖွဲ့အစည်းဟာ အရပ်သား နိုင်ငံရေးပါတီမဟုတ်ပါ၊ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒါကြောင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်မယ်ဆိုရင် အရပ်သားပါတီ ကလည်း ဥပဒေပြုလွှတ်တော်မှာ နေရာအားလုံးရမှာ မဟုတ်သလို တစ်ဘက်တွင် တပ်မတော်ဘက်မှလည်း မာရှယ်လော တပ်မတော် အုပ်ချုပ်ရေးကို အပြည့်အ၀ကျင့်သုံးရတော့မည် မဟုတ်ပါ။ ( WinWinSituation) အဲဒီအခြေခံကို NLD ပါတီလက်ခံနိုင်ပါရဲ့လား။

အဲဒီအခြေခံကို ကိုင်စွဲပြီး တပ်မတော်အစိုးရနဲ့ ဆွေးနွေးရမယ့်အစား ၁/၉၀ ကြေညာချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များကသာ ရေးဆွဲရမည်ဆိုတဲ့အချက်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (မူကြမ်း) ယခုထိ မထုတ်ပြန်နိုင်သေးတာတို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စမှာ နိုင်ငံသားလုံး လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်တွေချခင်းမပေးတာတို့ အစရှိတဲ့လုပ်နည်းလုပ်ဟန် ပြဿနာတွေကိုသာ ဖော်ထုတ်အငြင်းပွားနေပါတယ်။

၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉) နိုင်ငံတော် ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲပြီးစီးတဲ့ အစည်းအဝေးမှာ မူကြမ်းရေးဆွဲရေးကော်မရှင် ဥက္ကဌက ကော်မရှင်အဖွဲ့ဝင်များဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရာမှာ အမျိုးသားညီလာခံက ချမှတ်ပေးထားတဲ့ အခြေခံရမယ့်မူ အသေးစိတ် အခြေခံရမယ့်မူများပါ ဦးတည်ချက်၊ ရည်ရွယ်ချက် အနှစ်သာရကို မထိခိုက်စေဘဲ ရေးဆွဲခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ နှစ်ဦးနှစ်ဘက်အကျိုးတူစေ့စပ်ရမယ့် အခြေခံကို ကိုင်စွဲရပ်တည်မှုမပြုဘဲ NLD ပါတီဟာ အမျိုးသာပြန်လည်သင့်မြတ်ရေးကို ကြွေးကြော်နေရင် ဒါဟာလက်တွေ့မပါတဲ့သဘောတရားသာ ဖြစ်ပါတယ်။ လက်တွေ့မပါတဲ့သဘောတရားဟာ အမြုံဖြစ်တယ်ဆိုတဲ့အတိုင်း အမျိုး သားပြန်လည်သင့်မြတ်ရေး လည်းမပေါ်ထွန်းဘဲ နှစ်ဘက်အကြား ပဋိပက္ခတင်းမာမှုတွေကိုသာ မီးလောင်ရာလေ့ပင်သလို လုပ်မိရက်သား ဖြစ်နေပါ တော့တယ်။

ဥပဒေပြုလွှတ်တော်မှာ တပ်မတော်ကိုယ်စားလှယ် ၂၅%ပါဖို့ ယခုပြီးစီးသွားပြီဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းမှာ ထည့်သွင်း ထားတာကိုလည်း အားလုံးအသိဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စား လှယ် ၇၅% ဥပဒေပြုလွှတ်တော်ထဲမှာ ရှိနေရင် နိုင်ငံအကျိုးပြုဥပဒေတွေ ပြဌာန်း လုပ်ကိုင်ခွင့် ဒီကနေ့နှင့် နှိုင်းစာရင် အများကြီး ပွင့်လင်းလာမှာပါ။ အုပ်ချုပ်ရေးနဲ့ တရားစီးရင်ရေးမဏ္ဍိုင်(၂) ရပ်တည်းနှင့်သာ ဒီကနေ့နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုးရေးလုပ်ရာမှာ အားမရစရာတွေရှိနေတာ အားလုံးသဘောပေါက်ကြပါတယ်။

ဥပဒေပြုမဏ္ဍိုင်တစ်ရပ် အမြန်ပေါ်ထွန်းပါမှ မဏ္ဍိုင်ကြီး (၃) ရပ် အပြန်အလှန်ထိန်းကျောင်း တက်ညီလက်ညီ နိုင်ငံထူထောင်ရေးလုပ်နိုင် မှာပါ။

ဒီနေရာမှာ ကုလသမဂ္ဂအပါအ၀င်နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စိတ်စေတနာကောင်းနဲ့ ကူညီတာကို ကျေးဇူးတင်ရမှာဖြစ်ပေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းမှန်ကို ကာယကံရှင်တွေဖြစ်တဲ့ တပ်မတော်အစိုးရနဲ့ NLD တို့ကသာရှာကြံရမှာပါ။

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ တိုက်တွန်းချက်တွေဟာ ယေဘုယျသဘောတွေသာဖြစ်နေပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ကြပါ။ သုံးပွင့်ဆိုင်ဆွေးနွေးကြပါ။ အားလုံးပါဝင်နိုင်အောင်လုပ်ကြပါဆိုတဲ့ အခြေခံ စံတန်းဘိုးတွေသာဖြစ်နေပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး သားကောင်းရတနာဖွားမြင်ရေးမှာ ပြင်ပလက်သည်ကို ချည်းအားကို မနေသင့်ပါ။ ကိုယ်တိုင်ကြိုးစား အားထုတ်ရပါမယ်။

တကယ့်လက်တွေ့ကျတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးသဘောဆောင်တဲ့ အဆိုပြုချက်အဖြစ် ဥပဒေပြုလွှတ်တော်မှာ လူထုကိုယ်စား လှယ်က ၇၅%တပ်မတော်ကိုယ်စားလှယ်က ၂၅% ပူးပေါင်း ဆောင်ရွက်ကြပါစို့လို့ တပ်မတော်ဘက်က ကမ်းလှမ်းပြီးတာ ၁၉၉၃ အမျိုးသား ညီလာခံမှ ရေတွက်ရင် (၁၅) နှစ် ကာလရှိပါပြီ။

NLD ဘက်က အဲဒီလိုစေ့စပ်ရေးသဘောဆောင်တဲ့ လက်တွေ့ကျတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစဉ်ရယ်လို့ ခုထိထုတ်ဖော် ကြေငြာမှုမရှိသေးပါ။

ဒီကနေ့ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအသစ်မှာလည်း တပ်မတော်တွင် ရာထူးခန့်အပ်ရေး ကိစ္စ တွေမှာ ၀န်ကြီးချုပ်က တိုက်ရိုက် ပါဝင်မှုမရှိဖို့ ပြဋ္ဌာန်းချက်တွေပါနေပြီဖြစ်ပါတယ်။

မကြာသေးမီက စင်္ကာပူထုတ် စထရိတ်တိုင်းသတင်းစာအယ်ဒီတာ အာဘော်တွင် အနာဂတ် မြန်မာ နိုင်ငံရေးဦးဆောင်မှုအခန်းမှာ တပ်မတော်ပါရေး မပါရေးထက် ဘယ်လောက်ပါဝင်သင့်တယ်ဆိုတဲ့ အချက်ကိုသာ အတိုက်အခံတွေဘက်က စဉ်းစားရမှာဖြစ်ကြောင်း၊ နိုင်ငံရေး နယ်ထဲမှာ တပ်မတော်ပါဝင်ပတ်သက်လာတာ ၄၅ နှစ်ရှိပြီဖြစ်လို့ ဒီအချက်ကို အတိုက်အခံများသဘောပေါက်နားလည်လက်ခံမှု မြန်ဆန်လေ လူထုတွေအဖို့ အသက်ရှုချောင်လေဖြစ်နိုင်ကြောင်း၊ စေ့စပ်ရေးအတွက် အချိန် (၃) လကျန်သေးကြောင်း ဖော်ပြထားပါတယ်။

အချုပ်အားဖြင့်တင်ပြရရင် အမျိုးသားပြန်လည်သင့်မြတ်ရေး ၂၀၀၈ ခုနှစ်တွင် မုချပေါ်ပေါက်ရမည် ဆိုတဲ့ ကေးကြော်သံကို အကောင် အထည်ဖော်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းမှာ ပါနေပြီးဖြစ်တဲ့ လူထုကိုယ်စားလှယ် ၇၅%၊ တပ်မတော်ကိုယ်စားလှယ် ၂၅% အခြေခံမူဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကောင်းဆုံးအခြေခံအုတ်မြစ်ဖြစ်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

စစ်မှန်သောအမျိုးသားပြန်လည်သင့်မြတ်ရေးသို့

လှမြင့်

အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး

သုတေသနနှင့် တိုးချဲ့ထုတ်လုပ်မှုကျောင်းတော်သားစု
 

 
     
   

ရှေ့သို့  

     
New Page 1

For the best online experience, view this site at 1024 X 768 screen size.
Copyright by myanmarforum.net